ကျောင်းနေအရွယ် ကလေးသူငယ်များ ဖုန်းကိုင်ဆောင်မှုပိုမိုလာပြီး ဖုန်းဖြင့် အလွဲအသုံးချသည့် ဖြစ်ရပ်များကို သတိပြုသင့် PDF | Print |
ကျောင်းနေအရွယ် ကလေး သူငယ်များ ဖုန်းကိုင်ဆောင်မှုပိုမိုလာပြီး ဖုန်းဖြင့်အလွဲအသုံးချသည့် ဖြစ်ရပ်များကို မိဘများအနေဖြင့် သတိပြုသင့်ကြောင်း ပညာရေးအသိုင်းအ၀ိုင်း နှင့် ဖုန်းအရောင်းဆိုင်အချို့မှတာဝန်ရှိ သူများကသုံးသပ်ပြောကြားခဲ့သည်။ 

အီလက်ထရောနစ် နည်းပညာများ ကလေးသူငယ်များအကြား စတင်မှုအဖြစ် MP 3 ၊ MP 4  များ နေရာယူခဲ့ကာ နောက်ပိုင်းတွင် ကွန်ပျူတာ အသုံးချမှု နည်းပညာများ ၀င်ရောက်လာခဲ့သည်။ ယခုချိန်တွင်မူ မိုဘိုင်း ဖုန်းကိုင်ဆောင်မှုမှာ တဖြည်းဖြည်း ၀င်ရောက်နေရာယူလာကြောင်း သိရသည်။

“အထူးသဖြင့် အခြေခံပညာ အလယ်တန်းအရွယ်တွေ ခုနစ်တန်း၊ ရှစ်တန်းတွေ ဖုန်းကိုင်ကြတာ များပါတယ်။ ကိုင်နိုင်တဲ့သူတွေကလည်း မြို့ထဲက ကျောင်းသား၊ ကျောင်းသူ တွေအများစုပါ။ မိဘတွေအနေနဲ့ ကလည်း ကလေးတွေနဲ့ အမြဲတမ်းဆက်သွယ်နိုင်တာရယ်၊ ဂုဏ်တုဂုဏ်ပြိုင် လုပ်ချင်မှုလေးတွေတော့ ပါနိုင်ပါတယ်” ဟု ရန်ကုန်မြို့သင်္ဃန်းကျွန်းမြို့နယ်ရှိ ကျောင်းဆရာမတစ်ဦးက ဆိုပါသည်။

“ကျောင်းကလွှတ်တဲ့ လေ့လာရေးခရီးစဉ်တစ်ခုမှာ တူလေးကဖုန်းကိုင်သွားချင်တယ်ဆိုပြီး ပူဆာပါတယ်။ တူလေးက ခြောက်တန်းပါ။ သူ့အခန်းဖော်တွေ အကုန်လုံးနီးပါး ဖုန်းကိုင်နိုင်တော့ကလေးရဲ့ စိတ်ထဲ မှာ ဖုန်းမကိုင်နိုင်ရင်ဘဲ ဂုဏ်ငယ်သလို ခံစားနေရတယ်လို့ ထင်ရပါတယ်။ ခေတ်ပေါ်ပစ္စည်းတွေ တိုးတက်လာတာကောင်းပေမယ့် ဒီလိုစာသင်ရမယ့် အရွယ်မှာ ဒီလိုပစ္စည်းတွေကို ကလေးတွေ အာရုံအရမ်းရောက်နေလွန်းရင်တော့ သိပ်မကောင်းလှဘူး” ဟု ကမာရွတ်မြို့နယ်အတွင်းရှိ အထက်တန်းကျောင်းတစ်ခုတွင် တက်ရောက်နေသော ကျောင်းသားတစ်ဦး၏ အဒေါ်ဖြစ်သူက ပြောပြခဲ့သည်။

“ဆရာတို့ကျောင်းမှာ MP 3 ၊ MP 4 ၊ ကင်မရာတွေကို အရင်ကတည်းက ယူဆောင်ခွင့် မပြုထားပါဘူး။ အခုနောက်ပိုင်းမှာ မိုဘိုင်းဖုန်း အသုံးပြုသူတွေများလာတော့ ဖုန်းတွေကိုပါ ယူဆောင်ခွင့်မပေးပါဘူး။ တစ်ခုရှိတာက ကလေးနေမကောင်း လို့ မိဘကဖုန်းပေးလိုက်တာမျိုးတွေ ကိုတော့ နားလည်မှုနဲ့ ခွင့်ပြုထားပါတယ်။ ဒီလိုဖုန်းပါလာရင် အတန်းပိုင်ဆရာမကို အသိပေးထားရမယ်လို့ စည်းကမ်း ထုတ်ပြန်ထားပါတယ်။ MP 3 ၊ MP 4  ၊ ကင်မရာတွေ ယူလာလို့တွေ့ရှိရင် ပစ္စည်းတွေကိုအပြီး သိမ်းလိုက်ပြီး စာသင်နှစ်ကုန်မှ ပြန်ပေးပါတယ်။ ဖုန်းတွေ့ရှိရင်တော့ ဟန်းဆက်ရော၊ ကဒ်ကိုပါ တစ်ပတ် သိမ်းထားတယ်။ တစ်ပတ်ပြည့်ရင် မိဘခေါ်ပြီး မိဘကိုယ်တိုင် ခံဝန်ကတိထိုးခိုင်းပါတယ်။ မလိုအပ်ဘဲ စာသင်ခန်းနဲ့ မသက်ဆိုင်တဲ့ ပစ္စည်းတွေယူဆောင်လာပြီး ဓာတ်ပုံရိုက်တာ၊ သီချင်း နားထောင်တာတွေ၊ Bluetooth နဲ့ သီချင်းတွေ၊ ဓာတ်ပုံတွေကို ဖုန်းအချင်းချင်း ပို့တာတွေရှိတာကြောင့် စည်းကမ်း ထုတ်ပြန်ထားရှိတာပါ”အထက (၁)ဒဂုံ မှ ကျောင်းအုပ်ဆရာကြီး ဒေါက်တာအောင်ကိုကိုက ရှင်းပြခဲ့ပါသည်။

ကျောင်းနေအရွယ် ကလေး အရွယ်များ မိုဘိုင်းဖုန်းကိုင်ဆောင်မှု၌ ပုဂ္ဂလိကကျောင်းများတွင် အများဆုံး ကိုင်ဆောင်ကြပြီး နာမည်ကြီးအထက်တန်းကျောင်းအချို့မှ ကျောင်းနေအရွယ်များ၌လည်း ကိုင်ဆောင်မှု မြင့်တက်လာကြောင်း သိရသည်။