မြန်မာသူငယ်ချင်းမပာုတ်သူတွေအတွကဗျာများ

ဒီဇင်ဘာ (၁၄) ရက်တိုင်းသည် မြန်မာသူငယ်ချင်းများနေ့ ဖြစ်သည်

မြန်မာသူငယ်ချင်းများ (http://friendsdaygroup.ning.com) ဆိုက်မှ အဖွဲ့ဝင်များ၏ ကဗျာများကို ရွေးချယ်ပေးထားခြင်းဖြစ်သည်။ ရွေးထားသော ကဗျာတွင် သင့်ကြိုက်သောမပါခဲ့ပါက ကိုယ်တိုင်ဝင်ရောက် တင်နိုင်ပါသည်။

Browse: Home / / မချော ၃-ယောက် ကိုယ်တစ်ယောက်

မချော ၃-ယောက် ကိုယ်တစ်ယောက်

By MMFD on October 15, 2010

အိမ်က မချော ၃-ယောက်နဲ့ မိတ်ဆက်ပေးဦးမယ် ။

အမျိုးသမီးနာမည်က ချောစုဝင်း တဲ့..။

သမီးကြီးနာမည်က သဒ္ဒါညီညီ တဲ့..။

သမီးငယ်နာမည်က ကဗျာညီညီ တဲ့..။

————————–

အမျိုးသမီးက ဆရာမ..။

သမီးကြီးက ၄-တန်း..။

သမီးငယ်က ၁-တန်း..။

————————–

အိပ်ယာက ထထချင်း

အမျိုးသမီးက မီးဖိုခန်းထဲ တန်းဝင်တယ်..။

သမီးကြီးက ရွှေသွေး တို့ တွတ်ပီတို့ ဖတ်တယ်..။

သမီးငယ်က ကာတွန်းကား ကြည့်တယ်..။

————————–
မနက်စာအဖြစ်

အမျိုးသမီးက ထမင်းကြော် စားတယ်..။
သမီးကြီးက ခေါက်ဆွဲ ဒါမှမဟုတ် ပေါက်စီ စားတယ်..။
သမီးငယ်က ပေါင်မုန့် ကိတ်မုန့်စားတယ်..။

————————–
ကျနော်အလုပ်သွားရင်

အမျိုးသမီးက ထီးပါရဲ့လား နာရီပါရဲ့လား မေးတယ်..။
သမီးကြီးက ဘယ်နှနာရီ ပြန်လာမှာလဲ မေးတယ်..။
သမီးငယ်က လက်ဆွဲပြီး အပေါက်ဝအထိ
လိုက်နှုတ်ဆက်တယ်..။

————————–
ကျနော်အလုပ်ကပြန်လာရင်

အမျိုးသမီးက နောက်ကျလိုက်တာလို့ ပြောတယ်..။
သမီးကြီးက ရေခပ်တိုက်တယ်..။
သမီးငယ်က မုန့်ဆိုင်လိုက်ပို့ပေးဖို့ ပြောတယ်..။

————————–
တီဗီဇတ်လမ်းတွဲတွေပြီးရင်

အမျိုးသမီးက အ၀တ်တွေကို မီးပူတိုက်တယ်..။
သမီးကြီးက Computer Game ဆော့တယ်..။
သမီးငယ်က Twelve Little Princesses ကားကိုနောက်တစ်ကြိမ် ထပ်ကြည့်တယ်..။

————————–
အိပ်ယာဝင်ပြီဆိုရင်

အမျိုးသမီးက ဘုရားစာရွတ်ခိုင်းတယ်..။
သမီးကြီးက မချမ်းသေးဘဲနဲ့ စောင်ခြုံပေးခိုင်းတယ်..။
သမီးငယ်က ပုံပြင်ပြောခိုင်းတယ်..။

————————–
မိုးမိတာကိုအကြောင်းပြပြီး ကျနော်အရက်သောက်ပြီဆိုရင်

အမျိုးသမီးက သရက်ချဉ်သုတ်ပေးတယ်..။
သမီးကြီးက ဦးညီညီ အရက်သမားကြီးလို့ပြောတယ်..။
သမီးငယ်က ဖေဖေ ဘာလို့သောက်တာလဲလို့မေးတယ..။်

————————–
ရုံးလခတွေ ကျူရှင်လခတွေ စုပြုံရလာတဲ့နေ့ဆိုရင်

အမျိုးသမီးက ဖေကြီးလို့ ခဏခဏ ခေါ်တတ်တယ် (တခြားနေ့တွေမှာတော့ ကိုညီ လို့ခေါ်လေ့ရှိပါတယ်)..။
သမီးကြီးက ပိုက်ဆံတွေကို လေးငါးခြောက်ခါ ရေတွက်နေတတ်တယ်..။
သမီးငယ်က အရုပ်ဝယ်ပေးဖို့ပြောတတ်တယ်..။

————————–
မတော်တဆ ငွေပြတ်သွားတဲ့အခါဆိုရင်

အမျိုးသမီးက ဆွဲကြိုး လက်စွပ် တစ်ခုခု ချွတ်ပေးတတ်တယ်..။
သမီးကြီးက သူစုထားတဲ့ မုန့်ဖိုးလေးတွေကို လုံးထွေးပြီး ဖေဖေ ရော့လို့ ပေးတတ်တယ်..။
သမီးငယ်က အရုပ်ပါတဲ့မုန့်တွေ သမီးမယူတော့ဘူးလို့ ပြောတတ်တယ်..။

————————–
ရုံးအလုပ်နဲ့ ကျနော်ခရီးဝေးသွားရပြီဆိုရင်

အမျိုးသမီးက အိမ်တံခါးတွေကို နေမ၀င်ခင် ပိတ်ထားတတ်တယ်..။
သမီးကြီးက Calendar မှာ ပြန်လာမယ့်ရက်ကိုတွက်ကြည့်နေတတ်တယ်..။
သမီးငယ်က ဖအေရဲ့ခေါင်းအုံးကို ဖက်အိပ်နေတတ်တယ်..။

————————–
ကျနော်ခရီးကပြန်ရောက်ပြီဆိုရင်

အမျိုးသမီးက နည်းနည်းပိန်သွားတတ်တယ်..။
သမီးကြီးက နှာစေး ချောင်းဆိုးဖြစ်နေတတ်တယ်..။
သမီးငယ်က အစားအသောက်ပျက်နေတတ်တယ်..။

————————–
ကျနော်အလုပ်နားတဲ့ရက်ဆိုရင်

အမျိုးသမီးက ဘုရားလိုက်ပို့ခိုင်းတတ်တယ်..။
သမီးကြီးက ရုပ်ရှင်သွားကြည့်ရအောင်လို့ပြောတယ်..။
သမီးငယ်က Happy World ကို လိုက်ပို့ခိုင်းတယ်..။

————————–
ရှားရှားပါးပါး မိသားစုလက်ဆုံ ထမင်းစားရတဲ့နေ့ဆိုရင်

အမျိုးသမီးက လက်ဖက်သုတ်တစ်မျိုးထဲပဲ ပြင်ထားမိတတ်တယ်..။
သမီးကြီးက ဖေဖေ ဒီမှာကြည့် ဆိုပြီး ပလုပ်ပလောင်းစားပြတတ်တယ်..။
သမီးငယ်က ဖေဖေ ခွံ့ကျွေးလို့ ပြောတတ်တယ်..။

————————–
ကျနော် နေထိုင်မကောင်းဖြစ်တဲ့အခါဆိုရင်

အမျိုးသမီးက ငါ့ကို ကလေးတွေနဲ့ မထားခဲ့နဲ့တော့ လို့ ပြောတတ်တယ်..။
သမီးကြီးက ဖေဖေ သမီး နင်းပေးရမလား လို့မေးတတ်တယ်..။
သမီးငယ်က ကြောင်လေးတစ်ကောင်လို ဖအေရဲ့ရင်ခွင်ထဲ တိုးခွေ့ ၀င်တတ်တယ်..။

————————–
အိပ်မက်တွေအဖြစ်

အမျိုးသမီးက ကျောင်းအုပ်ဆရာမကြီး ဖြစ်ချင်တယ်..။
သမီးကြီးက Hip Hop အဆိုတော် ဖြစ်ချင်တယ်..။
သမီးငယ်က ဆရာမ ဖြစ်ချင်တယ်..။

————————–
စိတ်ဆိုးတဲ့အခါ

အမျိုးသမီးက အ၀တ်တွေကို ဖွပစ်ပြီး ပြန်စီနေတတ်တယ်..။
သမီးကြီးက ခုံတွေကို တဒုန်းဒုန်းထုတတ်တယ်..။
သမီးငယ်က ဖေဖေ့ကို မချစ်တော့ဘူး မခေါ်တော့ဘူးလို့ ပြောတတ်တယ်..။

————————–
ပျော်ရွှင်နေတဲ့အခါ

အမျိုးသမီးက ရှေးဟောင်းနှောင်းဖြစ်တွေ ပြန်ပြောတတ်တယ်..။
သမီးကြီးက သူ့ဘာသာ သီချင်းတွေစပ်ပြီးအော်ဆိုနေတတ်တယ်..။
သမီးငယ်က ကြော်ငြာသီချင်းတွေကို လိုက်ပြီး သရုပ်ဆောင်နေတတ်တယ်..။
———————————————–
မချောက သုံးဗွေ အီဖေကိုယ်က တစ်ကိုယ်တည်း ဆိုပေမယ့်
ကိုယ်ပိုင် မိသားစုတစ်ခုကိုတော့ ပိုင်ဆိုင်ထားမိပြီပေါ့..။
ဘယ်အချိန်ထိလဲ ဘယ်လိုချစ်မှာလဲ လို့ နွဲ့ယဉ်ဝင်း ရဲ့ သီချင်းထဲကလို မေးလာခဲ့ရင်တော့
အဲဒီသီချင်းထဲကလိုပဲ…
နေမ၀င် အချစ်လို အချစ်ကို ကိုးကွယ် ယနေ့မှစ နှစ်တစ်ရာတိုင်ကွယ် လို့ ဖြေရမှာပဲ ။
သမီးကြီးကြိုက်တတ်တဲ့ Hip Hop စကားလုံးနဲ့ ဆိုရင်တော့
ကျနော့်ရဲ့ ၀င်သက် ထွက်သက်တွေ ရပ်တန့်သွားတဲ့ အထိပေါ့.. ။………..။

ကိုညီ